Crimes in City Yangon

''တစေ တစောင်း'' ''ရန်ကုန်အကြောင်း''

"ဘေးကင်းလုံခြုံ သူတို့ရန်ကုန်"

အဘ

၁။ စစ်ကိုင်းတိုင်း ယင်းမာပင်တွင် အင်အား ၃၀၀ ခန့်ရှိ စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခံရခြင်း
အဘရေ... ယင်းမာပင်မြို့နယ်၊ သဲပင်ကန်ကျေးရွာဘက်ကို ထွက်လာတဲ့ အဘတို့ရဲ့ အင်အား ၃၀၀ လောက်ရှိတဲ့ စစ်ကြောင်းကို PDF (၅) ဖွဲ့ပေါင်းပြီး မိုင်းအလုံး ၃၀ ကျော်နဲ့ ဆွဲတိုက်ခိုက်လိုက်တယ်ဗျ။ အဘက "အယောက် ၃၀ လောက် သေရမှာကို ၂၀ လောက်ပဲ သေပြီး ကားတစ်စီးပဲ မီးလောင်သွားတာ ကံကောင်းတယ် မှတ်ပါ၊ အညာမြေကို ခြေချကတည်းက သေဖို့သာ ပြင်ထားကြပေတော့ကွာ" လို့ မချိတင်ကဲ ညည်းတွားလိုက်ပါတယ်။

၂။ ကချင်ပြည်နယ် လုံးခင်းကျေးရွာ သင်္ချိုင်းတွင် တပ်စွဲထားသည့် စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲခံရခြင်း
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ သင်္ချိုင်းကုန်းမှာ အထိုင်ချ တပ်စွဲထားတဲ့ အဘတို့ စစ်သားတွေကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ သွားကြဲလိုက်လို့ (၁၂) ယောက် ပွဲချင်းပြီး သေသွားပြန်ပြီဗျ။ အဘက "ကျောင်းပစ္စည်းကိုရှောင်၊ မသာပစ္စည်းကို ဆောင်ဆိုတဲ့ စကားအတိုင်း သင်္ချိုင်းကုန်းမှာ တပ်စွဲပြီး အသေခံနေကြတာ၊ အခုတော့ ဒရုန်းနဲ့ အကြဲခံရပြီး သင်္ချိုင်းမြေမှာ တစ်ခါတည်း အမြစ်တွယ်သွားကြပြီ" လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

၃။ မကွေးတိုင်း နတ်မောက်နှင့် ရေစကြိုတွင် တိုက်ပွဲမရှိဘဲ ဗုံးကြဲသဖြင့် ကိုရင်လေးတစ်ပါးနှင့် ကလေးများ သေဆုံးခြင်း
နတ်မောက်နဲ့ ရေစကြို မြို့နယ်တွေမှာ တိုက်ပွဲဖြစ်တာ ဘာမှမရှိဘဲ အဘတို့ လေတပ်က ရမ်းသန်း ဗုံးကြဲလို့ အသက် ၁၅ နှစ်အရွယ် ကိုရင်လေးတစ်ပါး အပါအဝင် ကလေးငယ် (၃) ဦး သေဆုံးသွားတယ်ဗျ။ အဘက "ကလေးတွေက အနီရောင် အလံလေးနဲ့ ကစားနေတာကို PDF တွေ ဆိုပြီး အပေါ်စီးကနေ ရမ်းသတ်နေတာ၊ တကယ့်ကို ပြည်သူကို ရန်သူလို သဘောထားပြီး မဲမဲမြင်သမျှ ဗုံးလိုက်ကြဲနေတဲ့ လူသတ်ကောင် စစ်တပ် ဖြစ်နေပါပြီ" လို့ ဖွင့်ချလိုက်ပါတယ်။

၄။ တနင်္သာရီတိုင်း မောတောင်တွင် လေကြောင်းမှ ဗုံးကြဲ၍ အပြစ်မဲ့ပြည်သူများ ထိခိုက်ဆုံးရှုံးခြင်း
ထိုင်းနယ်စပ်နဲ့ကပ်နေတဲ့ တနင်္သာရီတိုင်း မောတောင်မြို့နယ် အမှတ် (၁) ရွာကိုလည်း တိုက်ပွဲမရှိဘဲ အဘတို့လေတပ်က ဗုံးသွားကြဲလို့ ရွာသူရွာသားတွေ သေဆုံးပြီး အိမ်တွေအများကြီး ပျက်စီးကုန်ပြီဗျ။ အဘက "နယ်စပ်ဒေသတွေအထိ လေယာဉ်နဲ့ သွားကြဲနေတာ၊ မြေပြင်မှာ မယှဉ်နိုင်တော့ လေကြောင်းကိုပဲ အားကိုးပြီး ပြည်သူကို အကြောက်တရား သွင်းနေတာ တကယ့် အာဏာရူးတွေရဲ့ လုပ်ရပ်ပါပဲ" လို့ ဆိုလိုက်ပါတယ်။

၅။ ဧရာဝတီတိုင်း ရွှေသောင်ယံတွင် ဈေးသည် ၃ ဦးကို PDF ဟု စွပ်စွဲကာ အကြောင်းမဲ့ ဖမ်းဆီးခြင်း
ပုသိမ်မြို့နယ်၊ ရွှေသောင်ယံ မကျီးဇင်ရွာမှာ စစ်ကြောင်းထိုးလာတဲ့ အဘတို့စစ်သားတွေကို ပစ္စည်းမရောင်းပေးလို့ ဈေးသည် (၃) ယောက်ကို PDF ထောက်ပို့ဆိုပြီး အတင်းဖမ်းသွားတယ်ဗျ။ အဘက "ကိုယ့်ကို ပစ္စည်းမရောင်းချင်လို့ မရောင်းတာကို အငြိုးတကြီးနဲ့ PDF လို့ စွပ်စွဲပြီး ဖမ်းဆီးတာ၊ သေနတ်ပြပြီး ဓားပြတိုက်နေတဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေပဲ" လို့ ခနဲ့လိုက်ပါတယ်။

၆။ စစ်တပ်သည် ပြည်သူကို ပြစ်မှုမကျူးလွန်ဟု တပ်ချုပ်သစ်မှ အရှက်မရှိ လိမ်လည်ပြောဆိုခြင်း
အဘရေ... အဘတို့ရဲ့ တပ်ချုပ်သစ် ရဝ (ရီဝင်းဦး) က စစ်တပ်ဟာ ပြည်သူအပေါ် ဘယ်တော့မှ ပြစ်မှုမကျူးလွန်ဘူး၊ ပြည်သူနဲ့ ခွဲခြားမရဘူးလို့ တွေ့ဆုံပွဲတစ်ခုမှာ မျက်နှာပြောင်တိုက်ပြီး ပြောသွားတယ်ဗျ။ အဘက "ပြည်သူတွေကို နေ့တိုင်း လေယာဉ်နဲ့ ဗုံးကြဲသတ်နေတာ တစ်ကမ္ဘာလုံး သိနေတဲ့ဟာကို၊ ဘယ်သောအခါမှ ပြစ်မှုမကျူးလွန်ဘူးလို့ ပြောထွက်တာ တကယ့်ကို အရှက်မဲ့လွန်းတဲ့ နှစ်ဖက်ချွန် စကားတွေပဲကွာ" ဆိုရင်း သက်ပြင်းချကာ နိဂုံးချုပ်ထားပါတယ်။

إرسال تعليق