"ရက် ၁၀၀ စစ်မသာ "
အဘ
၁။ စစ်ကိုင်းတိုင်း ယင်းမာပင်တွင် အင်အား ၃၀၀ ခန့်ရှိ စစ်ကြောင်းအား မိုင်းအလုံး ၃၀ ကျော်ဖြင့် တိုက်ခိုက်ခံရခြင်း
အဘရေ... ယင်းမာပင်မြို့နယ်၊ သဲပင်ကန်ကျေးရွာဘက်ကို ထွက်လာတဲ့ အဘတို့ရဲ့ အင်အား ၃၀၀ လောက်ရှိတဲ့ စစ်ကြောင်းကို PDF (၅) ဖွဲ့ပေါင်းပြီး မိုင်းအလုံး ၃၀ ကျော်နဲ့ ဆွဲတိုက်ခိုက်လိုက်တယ်ဗျ။ အဘက "မိုင်း ၃၀ ကျော်ဆိုတော့ တစ်လုံးကို တစ်ယောက်နှုန်းနဲ့ အယောက် ၃၀ သေရမှာ၊ အခု ၂၀ ပဲ သေတယ်ဆိုတော့ ငါတို့ဘက်က ကံကောင်းတယ် မှတ်ရမယ်၊ အညာမြေမှာတော့ ခွေးသေဝက်သေ သေဖို့ပဲ ရှိတော့တယ်" လို့ မချိတင်ကဲ ညည်းတွားလိုက်ပါတယ်။
၂။ ကချင်ပြည်နယ် လုံးခင်းကျေးရွာ သင်္ချိုင်းတွင် တပ်စွဲထားသည့် စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲခံရခြင်း
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ သင်္ချိုင်းကုန်းမှာ အထိုင်ချ နေရာယူထားတဲ့ အဘတို့ စစ်သားတွေကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ သွားကြဲလိုက်လို့ (၁၂) ယောက် ပွဲချင်းပြီး သေသွားပြန်ပြီဗျ။ အဘက "ကျောင်းပစ္စည်းကိုရှောင်၊ မသာပစ္စည်းကို ဆောင်ဆိုတဲ့ စကားအတိုင်း သင်္ချိုင်းကုန်းမှာ တပ်စွဲပြီး အသေခံနေကြတာ၊ အခုတော့ ဒရုန်းနဲ့ အကြဲခံရပြီး သင်္ချိုင်းမြေမှာ တစ်ခါတည်း အမြစ်တွယ်သွားကြပြီ" လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
၃။ တနင်္သာရီတိုင်း မောတောင်တွင် တိုက်ပွဲမရှိဘဲ လေကြောင်းမှ ဗုံးကြဲသဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ခြင်း
ထိုင်းနယ်စပ်နဲ့ကပ်နေတဲ့ မောတောင်မြို့နယ် အမှတ် (၁) ရွာကို တိုက်ပွဲဖြစ်တာ ဘာမှမရှိဘဲ အဘတို့လေတပ်က ဗုံးသွားကြဲလို့ ရွာသူရွာသားတွေ သေဆုံးပြီး အိမ်တွေအများကြီး ပျက်စီးကုန်ပြီဗျ။ အဘက "နယ်စပ်ဒေသတွေအထိ လေယာဉ်နဲ့ သွားကြဲနေတာ၊ မြေပြင်မှာ မယှဉ်နိုင်တော့ လေကြောင်းကိုပဲ အားကိုးပြီး ပြည်သူကို အကြောက်တရား သွင်းနေတာ တကယ့် အာဏာရူးတွေရဲ့ လုပ်ရပ်ပါပဲ" လို့ ဖွင့်ချလိုက်ပါတယ်။
၄။ မကွေးတိုင်းတွင် စစ်ကောင်စီစစ်ကြောင်းအား PDF တပ်ရင်း (၉၀၃) မှ မိုင်းဆွဲတိုက်ခိုက်ခြင်း
နတ်မောက်မြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အဘတို့ စစ်သားတွေကို နယ်ခံ PDF တပ်ရင်း (၉၀၃) က မိုင်းဆွဲတိုက်ခိုက်လိုက်လို့ အထိနာသွားပြန်ပြီဗျ။ အဘက "နေရာတိုင်းမှာ လက်သံပြောင်နေတဲ့ PDF တွေနဲ့ တွေ့ရင် ငါတို့စစ်သားတွေကတော့ သေဖို့ပဲ ကွာခြားတော့တာ၊ တဖြည်းဖြည်းနဲ့ နေပြည်တော်ကိုတောင် လာသိမ်းတော့မယ့် အခြေအနေ ရောက်နေပြီ" လို့ ဆိုလိုက်ပါတယ်။
၅။ အွန်လိုင်းငွေလိမ် (ကျားဖြန့်) ဂိုဏ်းချုပ်များကို မဖမ်းရဲဘဲ အောက်ခြေဒိုင်များကိုသာ ဖမ်းပြကာ လိမ်ညာနေခြင်း
ကျားဖြန့်တွေကို ဖမ်းနေတယ်ဆိုပေမယ့် တကယ့် ဂိုဏ်းချုပ်တွေကို မဖမ်းရဲဘဲ အောက်ခြေက နှစ်လုံး၊ သုံးလုံး ရောင်းတဲ့သူတွေကိုပဲ ကျားဖြန့်ပါဆိုပြီး ဖမ်းပြနေတယ်ဗျ။ အဘက "တကယ့် ဂိုဏ်းချုပ်တွေက သမ္မတကြီးနဲ့ အသိုင်းအဝိုင်းကို ပိုက်ဆံခွဲပေးနေတာလေ၊ အဲ့ဒါကြောင့် ကမ္ဘာကို လှည့်စားဖို့ အောက်ခြေက လူတွေကိုပဲ ခွဲပြီးပြနေတာ၊ ငါတို့ရဲ့ ကလိမ်ကကျစ်တွေက ၃ သိန်းကျော်နေပါပြီ" လို့ ခနဲ့လိုက်ပါတယ်။
၆။ စစ်တပ်သည် ပြည်သူအပေါ် ပြစ်မှုမကျူးလွန်ဟု တပ်ချုပ်သစ် ရဝ (ရီဝင်းဦး) မှ အရှက်မရှိ ပြောဆိုခြင်း
အဘရေ... အဘတို့ရဲ့ တပ်ချုပ်သစ် ရဝ (ရီဝင်းဦး) က စစ်တပ်ဟာ ပြည်သူအပေါ် ဘယ်တော့မှ ပြစ်မှုမကျူးလွန်ဘူးလို့ တွေ့ဆုံပွဲတစ်ခုမှာ မျက်နှာပြောင်တိုက် ပြောသွားတယ်ဗျ။ အဘက "ပြည်သူတွေကို နေ့တိုင်း လေယာဉ်နဲ့ ဗုံးကြဲသတ်နေတာ တစ်ကမ္ဘာလုံး သိနေတဲ့ဟာကို၊ ဘယ်သောအခါမှ ပြစ်မှုမကျူးလွန်ဘူးလို့ ပြောထွက်တာ တကယ့်ကို အရှက်မဲ့လွန်းတဲ့ နှစ်ဖက်ချွန် စကားတွေပဲကွာ" ဆိုရင်း သက်ပြင်းချကာ နိဂုံးချုပ်ထားပါတယ်။
