TautTeeTautTae EP22

တောက်တီးတောက်တဲ့ အပိုင်း(၂၂)

"တောက်တီးတောက်တဲ့ အသုံးချခံ အောင်ဇဗ္ဗူ"

အဘ

၁။ တရုတ်ပြည်၏ ပံ့ပိုးမှုဖြင့် သမ္မတနေရာကို ဇွတ်လုယူထားသည့် "တရုတ်ပြည်လုပ် သမ္မတ"
အဘရေ... အဘတို့ သမ္မတအတုကြီးက ပြည်သူတင်မြှောက်ပါတယ်လို့ ပါးစပ်ကပြောနေပေမယ့် တကယ်တမ်းကျတော့ တရုတ်ကြီးကို လက်သိပ်ထိုးပြီး သူတို့အစီအစဉ်နဲ့ ဇွတ်သမ္မတဖြစ်လာတာကို ပြည်သူတွေက သိနေကြပြီဗျ။ အဘက "ကိုယ်တိုင်က အရည်အချင်းမရှိတော့ တရုတ်ကို အားကိုးပြီး သမ္မတနေရာကို ဇွတ်လုယူထားတာ၊ အခုတော့ ကိုယ့်ပြည်သူကို လေယာဉ်နဲ့ ဇွတ်ဗုံးကြဲသတ်နေတဲ့ 'တရုတ်ပြည်လုပ် သမ္မတ' အဖြစ် သမိုင်းတွင်နေပြီ" လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

၂။ ပြည်သူများ စာမတတ်၍ နိုင်ငံရေးအခြေအနေ ဆိုးရွားရသည်ဟု သမ္မတအတုကြီးမှ ပြောင်လိမ်စော်ကားခြင်း
အဘတို့ သမ္မတကြီးက နိုင်ငံရေးအခြေအနေတွေ ဒီလိုဖြစ်နေတာ ပြည်သူတွေ စာမတတ်လို့ပါလို့ အရှက်မရှိ ပြောထွက်သေးတယ်ဗျ။ အဘက "ကျောင်းသားတွေ၊ ကလေးငယ်တွေကို လေယာဉ်နဲ့ ဗုံးကြဲ၊ ကျောင်းတွေကို မီးရှို့ပြီး ပညာမသင်နိုင်အောင် လုပ်နေတာ ဘယ်သူလဲ၊ ကိုယ်တိုင် ပြည်သူကို စာမတတ်အောင် လုပ်ပြီးမှ ပြည်သူကို ပြန်အပြစ်တင်နေတာ လူရွှင်တော်ထက်တောင် ပိုပြောင်မြောက်နေသေးတယ်" လို့ ဖွင့်ချလိုက်ပါတယ်။

၃။ အွန်လိုင်းငွေလိမ် (ကျားဖြန့်) ဂိုဏ်းများကို မဖမ်းရဲဘဲ အောက်ခြေလောင်းကစားဒိုင်များကို ဖမ်းပြကာ ကမ္ဘာကို လှည့်စားခြင်း
အမေရိကန်က ကျားဖြန့်ခေါင်းဆောင်တွေကို ဖမ်းပေးရင် ဆုငွေပေးမယ်ဆိုတော့ အဘတို့ အစိုးရက တကယ့် ဂိုဏ်းချုပ်တွေကို မဖမ်းဘဲ အောက်ခြေက နှစ်လုံးရောင်းတဲ့သူတွေကိုပဲ ကျားဖြန့်ပါဆိုပြီး ဖမ်းပြနေတယ်ဗျ။ အဘက "တကယ့် ကျားဖြန့်ဂိုဏ်းကြီးတွေနဲ့ သမ္မတကြီးကိုယ်တိုင်က အကျိုးအမြတ်တွေ ခွဲဝေစားနေတာလေ၊ အဲ့ဒါကြောင့် ကမ္ဘာကို မျက်လှည့်ပြဖို့ အောက်ခြေက လူတွေကိုပဲ ဖမ်းပြီး လိမ်ပြနေတာ" လို့ ဆိုလိုက်ပါတယ်။

၄။ စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာချက်များမှာ လက်လွှတ်ဆုံးရှုံးရသည့် နယ်မြေများဖြစ်နေခြင်း
ကချင်၊ ကယား၊ ကရင်၊ ချင်း ပြည်နယ်တွေက မြို့နယ်ပေါင်း (၆၀) ကျော်ကို စစ်အုပ်ချုပ်ရေး ကြေညာတယ်လို့ အဘတို့ဘက်က အသံထွက်လာပြန်ပြီဗျ။ အဘက "ကိုယ်တိုင် အုပ်ချုပ်လို့မရဘဲ အပြီးအပိုင် လက်လွှတ်ဆုံးရှုံးသွားတဲ့ နယ်မြေတွေကိုမှ Martial Law ကြေညာတယ်ဆိုတာ လေယာဉ်နဲ့ ရမ်းသန်းဗုံးကြဲဖို့ သက်သက် အကြောင်းပြချက် ရှာတာပါ၊ သူတို့ကိုယ်သူတို့ ရှုံးနေပြီဆိုတာကိုတောင် လက်မခံချင်ကြဘူး" လို့ ခနဲ့လိုက်ပါတယ်။

၅။ နေပြည်တော်၊ တပ်ကုန်းအထိ တော်လှန်ရေးတပ်ဖွဲ့များ ရောက်ရှိလာပြီး အာဏာရှင်အဆုံးသတ် နီးကပ်လာခြင်း
အဘရေ... အခုဆိုရင် လယ်ဝေးသာမက နေပြည်တော်၊ တပ်ကုန်းအထိကို PDF တွေနဲ့ တော်လှန်ရေးတပ်တွေ ရောက်နေပြီဗျ။ အဘက "လယ်ဝေးက တပ်စခန်း ၁၅ မိနစ်တည်းနဲ့ အသိမ်းခံရကတည်းက နေပြည်တော် တံခါးဝကို လာခေါက်နေပြီဆိုတာ သိသာနေပါပြီ၊ ခွေးသေဝက်သေ သေတဲ့ကောင်ကသေ၊ ထွက်ပြေးတဲ့ကောင်ကပြေးနဲ့ မကြာခင် အိမ်ပြန်ရမယ့် အချိန်ရောက်တော့မှာပါ" ဆိုရင်း သက်ပြင်းချလိုက်ပါတယ်။

၆။ ပြည်သူများကို မျက်ကွယ်ပြု၍ အာဏာရှင်ကို အလိုကျ ဖျော်ဖြေနေသော အနုပညာရှင်များအား ဝေဖန်ခြင်း
အောင်ဇဗ္ဗူလို အနုပညာရှင်တချို့က ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ စစ်ကောင်စီရဲ့ အသုံးချခံဘဝနဲ့ စင်ပေါ်တက် ဖျော်ဖြေနေကြတယ်ဗျ။ အဘက "ပြည်သူကျွေးတဲ့ ထမင်းစားပြီး နာမည်ကြီးလာတာကို အခုတော့ ကျေးဇူးရှင် ပြည်သူကို မျက်ကွယ်ပြုပြီး ဘောမသဘင်သည်တွေ ဖြစ်ကုန်ပြီ၊ အဲဒီလို အသုံးချခံဘဝနဲ့ သာယာနေသရွေ့ ငါတို့တိုင်းပြည်က စစ်ကျွန်ဘဝက ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ဘူးကွာ" လို့ နိဂုံးချုပ်ထားပါတယ်။

Post a Comment