Meaning behind PDF - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

PDF ၏အဓိပ္ပာယ်

မြောက်မြန်မာက လူတွေခေါ်နေကြတဲ့ အကြမ်းဖက်အဖွဲ့အစည်း PDF တွေက ဘယ်သူတွေလဲဘယ်က ပေါ်လာတာလဲဘာကြောင့် ဒီလို PDF ဖြစ်လာတာလဲဆိုတာကို အကုန်သိသိရက်နဲ့ မေ့ပစ်လိုက်ကြတာလား။

(၁.၂.၂၀၂၁) ကျွန်တော်တို့ဘဝတွေ နောက်တစ်ကြိမ် လူကိုခွေးသတ်သလို စစ်တပ်ရဲ့ အာဏာသိမ်းခြင်းကို ခံခဲ့ရပြီး သမ္မတကြီးနဲ့ အမေစုတို့ကို “မဲလိမ်တယ်” ဆိုတဲ့ အကြောင်းပြချက်နဲ့ မတရားဖမ်းဆီးခဲ့တယ်။ NLD ပါတီကိုလည်း မတရားအသင်းအဖြစ် ကြေညာခဲ့တယ်။ သူတို့ကို တော်လှန်မယ့်လူလို့ ထင်သမျှကိုလည်း ဖမ်းဆီးခဲ့တယ်။
(၂.၂.၂၀၂၁) တစ်နိုင်ငံလုံးက ကလေး၊ လူကြီးမကျန် လမ်းပေါ်ထွက်လာပြီး သူတို့ရဲ့ဆန္ဒတွေ၊ အာဏာသိမ်းတာကို လက်မခံနိုင်ကြောင်းတွေကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုခဲ့ကြတယ်။ လူငယ်တွေခမျာ “ဆူပူမှုကြောင့် စစ်တပ်က အာဏာသိမ်းတယ်” ဆိုတဲ့ အဖြစ်ကို မခံနိုင်လို့ “၇၂ နာရီ” ဆိုတာကြီးကို ငြိမ်းချမ်းစွာ ဆန္ဒပြရင်း လိုချင်တာတွေကို တောင်းဆိုခဲ့ကြတယ်။

ဒါပေမယ့် စစ်တပ်ကတော့ “သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး” ဆိုပြီး ကျေးဇူးရှင်ပြည်သူတွေရဲ့ နဖူးဝတည့်တည့်ကို သေနတ်နဲ့ ပစ်ခဲ့ကြတာ မဟုတ်လား။ လူငယ်တွေခမျာ လိုချင်တာကို ငြိမ်းချမ်းစွာ တောင်းဆိုရုံနဲ့ မဖြစ်လာတော့ဘူးဆိုတဲ့ အသိစိတ်နဲ့ “People’s Defence Force (PDF)” ကနေ ယနေ့ ခင်ဗျားတို့ မြောက်မြန်မာက လူတွေခေါ်နေကြတဲ့ “အကြမ်းဖက်အဖွဲ့အစည်း” ဆိုတာ ဖြစ်လာတာပါ ခင်ဗျာ။
မတစ်ထောင်သားတွေက အာဏာရှင်ကို တော်လှန်ဖို့ တောထဲမှာ လာစုကြတာ။ ဒီထဲမှာ စိတ်မမှန်တဲ့လူတွေလည်း ပါလာနိုင်တယ်။ ဒါဟာ ရှင်းထုတ်ရမယ့် အရာပဲ ဖြစ်တယ်။ ဒါကိုပဲ အပြစ်တင်နေလို့လည်း မရဘူး။ စစ်ရေးဆိုတာ အများကြီး ရှုပ်ထွေးပါတယ်ဗျာ။

ကျွန်တော်တို့အားလုံး စစ်အာဏာရှင်ကို တော်လှန်လာတာ အခုဆို (၅) နှစ်တာကာလထဲကို ရောက်လာပြီ ဖြစ်တယ်။ အတွင်းစိတ်မမှန်တဲ့လူတွေလည်း အများကြီးတွေ့ခဲ့ပြီ။ တကယ်လုပ်နေတဲ့လူတွေလည်း အများကြီး ကြိုးစားနေကြတယ်။
စစ်ရေးဟာ အသက်တွေနဲ့ ပေးဆပ်ရသလို နာကျည်းချက်တွေကို ကျည်ဆန်အဖြစ် ပြောင်းလဲလိုက်ရတာပါ။ ဒါကို “အကြမ်းဖက်” လို့ တွေးနေကြတဲ့လူတွေ၊ မြင်နေကြတဲ့လူတွေရဲ့ စိတ်ကိုတော့ တွေးကြည့်လို့တောင် မရနိုင်တော့ပါဘူး။

"တိုင်းပြည်ရဲ့ အဓိကရန်သူဖြစ်တဲ့ အာဏာရှင်ကို ဖြုတ်ချမှ တိုင်းပြည်တိုးတက်မှာမို့ ဒီစနစ်ကြီးကို အမြစ်ဖြတ်ချေမှုန်းနေကြတဲ့ တစ်ချိန်က “People’s Defence Force (PDF)” လို့ဆိုတဲ့ လက်နက်ကိုင်တော်လှန်‌နေတဲ့ ကျွန်တော်တို့လူငယ်တွေပါပဲ ခင်ဗျာ။"

ရဲဘော်တစ်ယောက်၏ ရင်တွင်းဖွင့်ဟသံ

Post a Comment