"အာဆီယံကို ငိုမပြနဲ့"
အဘ
၁။ သမ္မတအစစ် ဦးဝင်းမြင့် လွတ်မြောက်လာမှုကြောင့် သမ္မတအတုကြီး နေရာပျောက်ပြီး အရှက်ကွဲနေခြင်း
အဘရေ... အခုဆိုရင် တကယ့် ပြည်သူ့သမ္မတကြီး ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာပြီဆိုတော့ အဘတို့ရဲ့ ဇွတ်လုပ်ထားတဲ့ သမ္မတအတုကြီး နေရာပျောက်သွားပြီဗျ။ အဘက "သမ္မတအစစ် ပြန်ပေါ်လာတော့ သမ္မတအတုကြီးက ခွေးလုံးတောင် မလှိမ့်နိုင်တော့တဲ့ ဘဝရောက်သွားပြီ၊ နိုင်ငံတကာကလည်း အသိအမှတ်မပြုတော့ သူ ဘယ်နားသွားနေရမလဲ မသိတော့ဘူး" လို့ ညည်းတွားလိုက်ပါတယ်။
၂။ မြေပြင်တွင် မယှဉ်နိုင်တော့သဖြင့် တစ်နိုင်ငံလုံးရှိ ပြည်သူများကို လေကြောင်းမှ ရမ်းသန်း ဗုံးကြဲနေခြင်း
အဘတို့ စစ်တပ်က မြေပြင်မှာ အထိနာနေတော့ အညာဒေသတင် မကဘဲ တနင်္သာရီ၊ ဧရာဝတီ စတဲ့ တစ်နိုင်ငံလုံးက အပြစ်မဲ့ ကလေးတွေနဲ့ ပြည်သူတွေကို လေယာဉ်နဲ့ လိုက်ဗုံးကြဲနေတယ်ဗျ။ အဘက "တကယ့် စစ်သားဆိုတာ မြေပြင်မှာ တိုက်ရဲရတယ်၊ အခုတော့ လေယာဉ်သံကြားရင် ကိုယ့်လူတွေတောင် ဝမ်းလျှောမတတ် ကြောက်နေရတဲ့ ဘဝမှာ ပြည်သူကို လိုက်သတ်နေတာ အောက်တန်းကျလွန်းတယ်" လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
၃။ တနင်္သာရီတိုင်း ဘုတ်ပြင်းတွင် စစ်ကောင်စီစခန်း တိုက်ခိုက်ခံရပြီး ရိက္ခာဂိုဒေါင်များ ပျက်စီးဆုံးရှုံးခြင်း
ဘုတ်ပြင်းမြို့နယ်က အဘတို့ရဲ့ စစ်ကောင်စီတပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေ ဝင်တိုက်လို့ စစ်သားတွေ သေတဲ့အပြင် ရိက္ခာသိုလှောင်ထားတဲ့ ဂိုဒေါင်တွေပါ ပျက်စီးကုန်ပြီဗျ။ အဘက "ငါတို့ဘက်က ၅ ယောက်လောက်ပဲ သေတယ်ဆိုပေမယ့် ရိက္ခာတွေပါ ကုန်သွားတော့ ကျန်တဲ့ကောင်တွေ ဘာစားပြီး တိုက်မလဲ၊ သေတဲ့လူက သေ၊ ပြေးတဲ့လူက ပြေးနဲ့ တပ်ပျက်နေပါပြီ" လို့ ဆိုလိုက်ပါတယ်။
၄။ ပဲခူးတိုင်း ဝေါမြို့နယ်တွင် စစ်ကောင်စီတပ်သားများ ပျောက်ဆုံးပြီး လက်နက်များပါ ဆုံးရှုံးလိုက်ရခြင်း
ဝေါမြို့နယ် အရိုးကုန်းကျေးရွာဘက်မှာ ကင်းပုန်းဝပ်နေတဲ့ အဘတို့ စစ်သားနဲ့ ရဲတွေကို တော်လှန်ရေးတပ်တွေက ဝင်တိုက်လို့ သေဆုံးတဲ့အပြင် ၄ ယောက်က လက်နက်တွေနဲ့အတူ ပျောက်ဆုံးသွားတယ်ဗျ။ အဘက "ပျောက်သွားတာ မဟုတ်ဘူး၊ ငါတို့ကောင်တွေက အသက်ဘေးကြောက်လို့ လက်နက်ပါ ယူပြီး အလင်းဝင်သွားကြတာ၊ အဲ့ဒါကို လိမ်ပြီး သတင်းပို့နေရတယ်" လို့ ဖွင့်ချလိုက်ပါတယ်။
၅။ သမ္မတကြီး ဦးဝင်းမြင့်ကို NUG မှ လုပ်ကြံမည်စိုး၍ လုံခြုံရေးပေးထားခြင်းဟု အရှက်မရှိ ပြောင်လိမ်နေခြင်း
အဘရေ... သမ္မတကြီး ဦးဝင်းမြင့်ကို နေအိမ်အကျယ်ချုပ် ပြောင်းထားတာကို NUG က လုပ်ကြံမှာစိုးလို့ လုံခြုံရေး ယူပေးတာပါဆိုပြီး အဘတို့ဘက်က ပြောင်လိမ်ပြီး ဝါဒဖြန့်နေတယ်ဗျ။ အဘက "မင်းတို့ ယုတ်မာတာကို ဘယ်သူက ယုံတော့မှာလဲ၊ သမ္မတကြီးကို အကြောင်းပြပြီး နိုင်ငံရေး အကျပ်အတည်းထဲကနေ ထွက်ပေါက်ရှာဖို့ ကြိုးစားနေတဲ့ ပြောင်လိမ်ပြောင်စား အလုပ်တွေပဲ" လို့ ခနဲ့လိုက်ပါတယ်။
၆။ နေပြည်တော် စစ်ရုံးချုပ်အတွင်း ဖရဲသီး (သတင်းပေး) များ ရှိနေသဖြင့် အချင်းချင်း မယုံကြည်မှုများ ကြီးထွားလာခြင်း
အခုဆိုရင် နေပြည်တော် စစ်ရုံးချုပ်အထိ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းပေး (ဖရဲသီး) တွေ ရောက်နေပြီဆိုပြီး အဘတို့ အသိုင်းအဝိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မယုံကြတော့ဘူးဗျ။ အဘက "စစ်ရုံးထဲမှာကိုက ဖရဲသီးတွေ ပြည့်နေပြီဆိုတော့ အချင်းချင်းတောင် သတ်ရမလို ဖြစ်နေပြီ၊ တပ်ချုပ်ကြီး ကိုယ်တိုင်တောင် ထွက်ပေါက်ရှာဖို့ အပေးအယူ လုပ်ချင်နေတဲ့ အခြေအနေကို ရောက်နေပြီကွာ" ဆိုရင်း သက်ပြင်းချကာ နိဂုံးချုပ်ထားပါတယ်။
