"EU အလှူ သူခိုးယူ "
အဘ
၁။ ရက် (၁၀၀) ငြိမ်းချမ်းရေးကို တော်လှန်ရေးအဖွဲ့များက လက်မခံသဖြင့် ဗုံးကြဲမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်နေခြင်း
အဘရေ... အဘတို့ သမ္မတအတုကြီးက ရက် (၁၀၀) ငြိမ်းချမ်းရေးဆိုပြီး ဖိတ်ခေါ်တာကို KNU နဲ့ AA အပါအဝင် တော်လှန်ရေးအဖွဲ့တွေက လုံးဝ လက်မခံဘူးလို့ ပြတ်ပြတ်သားသား ငြင်းလိုက်ကြပြီဗျ။ အဘက "လက်မခံလို့ လေယာဉ်နဲ့ ဗုံးကြဲမယ်လို့ ခြံစောင့်လွှတ်တော်အမတ်က တစ်ဆင့် ထွက်ဟောင်ခိုင်းနေတယ်၊ ဘယ်သူမှ လက်မခံတဲ့ အာဏာရူးကြီးက ငြိမ်းချမ်းရေးကို အကြောင်းပြပြီး ခြိမ်းခြောက်နေတာ၊ မကြာခင် ကြိုးကွင်းစွပ်ခံရတော့မှာ" လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
၂။ စစ်ကိုင်းတိုင်း ရွှေဘိုတွင် တိုက်ပွဲမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ပြည်သူများ ထိခိုက်သေဆုံးခြင်း
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းက ကျေးရွာကို တိုက်ပွဲဖြစ်တာ ဘာမှမရှိဘဲ အဘတို့လေတပ်က ဝင်ပြီး ဗုံးကြဲလို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး အိမ်တွေ၊ ကျွဲနွားတွေ အများကြီး ပျက်စီးကုန်ပြီဗျ။ အဘက "တိုက်ပွဲမရှိဘဲ ပြည်သူကို ရမ်းသတ်နေတာ၊ ပြီးရင် ဗုံးမှန်တာ မဟုတ်ပါဘူးလို့ ပြောင်လိမ်ပြောင်စား ထပ်လုပ်ကြဦးမှာ၊ ငါတို့တပ်က ယုတ်မာလွန်းလို့ တော်တော်ကို နာမည်ပျက်နေပါပြီ" လို့ ညည်းတွားလိုက်ပါတယ်။
၃။ ကချင်ပြည်နယ် လုံးခင်းရှိ ဆေးရုံမှ ဆရာဝန်များနှင့် လူနာများကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးသွားခြင်း
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာကို စစ်ကြောင်းထိုးပြီး အဲဒီက ဆေးရုံမှာရှိတဲ့ ဆရာဝန်တွေနဲ့ လူနာ (၂၀) ကျော်ကို ဘာအကြောင်းပြချက်မှ မရှိဘဲ အဘတို့တပ်က ဖမ်းသွားပြန်ပြီဗျ။ အဘက "တပ်ချုပ်ဆေးရုံကို ဘယ်သူမှ လာမတက်လို့ အဲ့ဒီက ဆရာဝန်တွေ၊ လူနာတွေနဲ့ ဆေးဝါးတွေကို အတင်းဖမ်းခေါ်သွားပြီး ငါတို့ဆေးရုံမှာ လူစည်နေပါတယ်ဆိုပြီး ဗန်းပြချင်လို့ ယုတ်မာတာပဲ" လို့ ဖွင့်ချလိုက်ပါတယ်။
၄။ တနင်္သာရီတိုင်း ဘုတ်ပြင်းတွင် စစ်မှုမထမ်းလိုသူ လူငယ်တစ်ဦးကို ပျူစောထီးများက ရိုက်သတ်ပြီး အမှုပိတ်ရန် ဖိအားပေးခြင်း
ဘုတ်ပြင်းမြို့နယ်မှာ စစ်တပ်ထဲ မဝင်ချင်တဲ့ လူငယ်တစ်ယောက်ကို ပျူစောထီးတွေက ဝိုင်းရိုက်သတ်လိုက်တဲ့အပြင်၊ မိသားစုက အမှုဖွင့်တာကို ရဲက လက်မခံဘဲ အမှုပိတ်ဖို့ ဖိအားပေးနေတယ်ဗျ။ အဘက "လူတစ်ယောက်လုံး သေတာကို ရောဂါနဲ့ သေတာပါလို့ အတင်းပြောခိုင်းပြီး အမှုဖျောက်ဖို့ ကြိုးစားနေတာ၊ ဒီလို အောက်တန်းကျတဲ့ အုပ်ချုပ်ရေး ယန္တရားကြီးကြောင့် တော်လှန်ရေးက ပိုအားကောင်းလာတာပေါ့" လို့ ဆိုလိုက်ပါတယ်။
၅။ ရှမ်းမြောက်ရှိ ကျေးရွာများတွင် မြန်မာအမည်များကို ဖျက်ကာ တရုတ်စာများဖြင့် အစားထိုးခံနေရခြင်း
အဘရေ... အခု ရှမ်းမြောက်ပိုင်း ကိုးကန့်ဘက်က ရွာတွေမှာ မြန်မာဆိုင်းဘုတ်တွေကို ဖြုတ်ချပြီး တရုတ်စာတွေ၊ တရုတ်နာမည်တွေချည်းပဲ အစားထိုးလိုက်ကြပြီဗျ။ အဘက "ငါတို့က အာဏာတည်မြဲဖို့ တရုတ်ကို အားကိုးနေရတော့ သူတို့က နေရာတွေ ကျူးကျော်လာတာကိုတောင် ဘာမှ မပြောရဲဘူး၊ ကိုယ့်မြေ ကိုယ့်ရေတွေ အကုန် တရုတ်လက်ထဲ ပါကုန်ပြီ" လို့ ခနဲ့လိုက်ပါတယ်။
၆။ ဥရောပသမဂ္ဂ (EU) ၏ စစ်ဘေးရှောင် အလှူငွေကို စစ်ကောင်စီက လိုချင်သဖြင့် ပြောင်တင်းစွာ တောင်းဆိုနေခြင်း
EU က စစ်ဘေးရှောင်တွေအတွက် လှူမယ့် ယူရို (၁၅) သန်းကို အဘတို့ သမ္မတအတုကြီးက သူတို့ကို မလှူရင် လာမလှူနဲ့လို့ အရှက်မရှိ ကြေညာလိုက်တယ်ဗျ။ အဘက "ငါတို့ မခိုးရရင် လာမလှူနဲ့ဆိုတဲ့ သဘောပဲ၊ ပြည်သူကို လေယာဉ်နဲ့ ဗုံးကြဲဖို့ လေယာဉ်ဆီဝယ်မယ့် ကောင်တွေလက်ထဲကို နိုင်ငံတကာက ဘယ်သူက လာလှူမှာလဲ၊ အာဏာရှင်တွေရဲ့ သူခိုးစိတ်ဓာတ်က အခုထိ မပျောက်သေးဘူး" ဆိုရင်း သက်ပြင်းချကာ နိဂုံးချုပ်ထားပါတယ်။
