"တောက်တီးတောက်တဲ့ အိမ်ပြန်ရတော့မယ် "
အဘ
၁။ ဥရောပသမဂ္ဂ (EU) မှ စစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့မှု ထပ်မံသက်တမ်းတိုးခြင်း
အဘရေ... အဘတို့ဘက်က "စီးပွားရေး ပိတ်ဆို့တာတို့ မမူပါ" လို့ သီချင်းတွေဖွင့်ပြီး အော်နေပေမယ့် EU ကတော့ နောက်ထပ် တစ်နှစ် သက်တမ်းထပ်တိုးလိုက်ပြန်ပြီဗျ။ အဘက "အထက်ပိုင်းက အာဏာရူးတွေကတော့ ပြည်သူ့ဘဏ္ဍာတွေ ခိုးစားနေလို့ မမူဘူး ပြောနိုင်ပေမယ့်၊ အောက်ခြေက ရဲဘော်တွေကတော့ အရိုးအရင်းလေးတောင် မကိုက်ရဘဲ အသေခံနေရတာပါကွာ" လို့ မချိတင်ကဲ ညည်းတွားလိုက်ပါတယ်။
၂။ ကျောင်းသားလက်ရုံးတပ်တော် (SAF) မှ မြန်မာပြည်အလယ်ပိုင်းသို့ ထိုးဖောက်စစ်ဆင်ရေး အရှိန်မြှင့်ခြင်း
ပြည်သူ့ဘက်က ရပ်တည်တဲ့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က မြန်မာပြည်အလယ်ပိုင်းက အချက်အချာကျတဲ့ နေရာတွေကို ထိုးဖောက်သိမ်းပိုက်နေပြီး မဟာမိတ်တွေနဲ့အတူ စစ်ရေးအရှိန်မြှင့်မယ်လို့ တရားဝင် ကြေညာလိုက်ပြီဗျ။ အဘက "အညာမြေမှာ ငါတို့ရဲ့ ကင်းစခန်းတွေ၊ တပ်စခန်းတွေ တစ်ခုပြီးတစ်ခု အသိမ်းခံနေရပြီဆိုတော့ ငါတို့ သမ္မတကြီးလည်း သေမယ့်ရက်ကို လက်ချိုးရေတွက်ပြီး စောင့်နေရတော့မယ့် ဘဝရောက်နေပါပြီ" လို့ ဖွင့်ချလိုက်ပါတယ်။
၃။ ခရိုနီ ကိုတေဇ၏ ထူးကုမ္ပဏီအား အမည်ပျက်စာရင်းမှ ချက်ချင်း ပြန်လည်ပယ်ဖျက်ပေးခြင်း
အဘတို့ အစိုးရက ကိုတေဇရဲ့ ထူးကုမ္ပဏီကို အခွန်မဆောင်လို့ဆိုပြီး အမည်ပျက်စာရင်း (Blacklist) သွင်းထားရာကနေ အခု ချက်ချင်း ပြန်ပယ်ဖျက်ပေးလိုက်တယ်ဗျ။ အဘက "အကျိုးစီးပွားချင်း တူတော့လည်း သမ္မတကြီးဆီ သွားပြီး ဂါရဝပြုလိုက်တာနဲ့ ဗဟိုဘဏ်ကနေ ချက်ချင်း ပယ်ဖျက်ပေးလိုက်တာပဲ၊ ငါတို့တပ်က ဥပဒေဆိုတာ မရှိဘဲ တစ်မျိုးတော်ကြာ၊ တစ်မျိုးပြောင်းနေတဲ့ စောက်ရူးတွေ ဖြစ်နေပြီ" လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
၄။ ရန်ကုန်ကို ဒုစရိုက်ကင်းစင်သည်ဟု ပြောဆိုသော ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ လိမ်ညာမှု
အဘရေ... ရန်ကုန်တိုင်းဝန်ကြီးချုပ် အသစ်က ရန်ကုန်မြို့ကြီးဟာ တရားဥပဒေစိုးမိုးပြီး ဒုစရိုက်ကင်းစင်နေပြီလို့ အရူးစကား ပြောသွားပြန်ပြီဗျ။ အဘက "လိုင်းကားတွေပေါ်မှာ ခါးပိုက်နှိုက်တွေ ပေါ၊ အိမ်ပေါ်တက်ပြီး ဓားပြတိုက်၊ လမ်းပေါ်မှာ လူသတ်၊ ပေါ်တာဆွဲတာတွေ နေ့တိုင်းဖြစ်ပြီး ဒုစရိုက်မြို့တော်ကြီး ဖြစ်နေတာကို အိမ်ထဲက အိမ်ပြင်မထွက်ဖူးတဲ့ ဝန်ကြီးက မျက်နှာပြောင်တိုက် လိမ်နေတာ" လို့ ဆိုလိုက်ပါတယ်။
၅။ ဧရာဝတီမြစ်ကို တရုတ်ပိုင်သည်ဟု ပြောဆိုကာ တိုင်းပြည်ကို ရောင်းစားရန် ကြိုးပမ်းနေသည့် သက်သက်ခိုင်
ရွေးကောက်ပွဲမှာ တစ်နေရာမှ မနိုင်ခဲ့ဘဲ ပြည်သူ့အမုန်းခံရတဲ့ သက်သက်ခိုင်က အခုတော့ တရုတ်ကိုသွားပြီး ဧရာဝတီမြစ်ကြီးကို တရုတ်က ပိုင်ဆိုင်ပါတယ်လို့ သမိုင်းတရားခံဖြစ်မယ့် စကားတွေ ပြောနေတယ်ဗျ။ အဘက "မြန်မာတွေရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ကြီးကိုတောင် ကိုယ့်အာဏာနဲ့ နေရာလေးရဖို့အတွက် တရုတ်ဆီကို သွားပြီး ဘောမနေတာ၊ တကယ့်ကို ပြည်ဖျက်မကြီး ဖြစ်နေပြီကွာ" လို့ ခနဲ့လိုက်ပါတယ်။
၆။ အာဏာရှင်အား မာနရှိရှိ ဆန့်ကျင်ကြရန် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ကို ပြန်လည်သတိရခြင်း
အမေစုက "အာဏာရှိတဲ့သူကို မျက်နှာလုပ်ရတာ ရှက်စရာကောင်းတယ်ဆိုတဲ့ မာနမျိုး ရှိစေချင်တယ်" လို့ ပြည်သူတွေကို မှာကြားခဲ့ဖူးတယ်ဗျ။ အဘက "အခုလို အချိန်မှာ ခြံစည်းရိုးခွထိုင်ပြီး အပျော်အပါးမက်နေတဲ့ သူတွေကော၊ အာဏာရှင်ကို ဘောမနေတဲ့ သူတွေပါ ဒီစကားကို သတိရသင့်တယ်၊ ပြည်သူတွေအားလုံး မာနရှိရှိနဲ့ အာဏာရှင်စနစ်ကို တွန်းလှန်မှပဲ စစ်ကျွန်ဘဝက လွတ်မြောက်မှာပါကွာ" ဆိုရင်း သက်ပြင်းချကာ နိဂုံးချုပ်ထားပါတယ်။
